အသီးအရွက်ပဲစားတဲ့ ကလေး ဘက်စုံအာဟာရပြည့်ဝစေဖို့ နည်းလမ်းလေးများ
ကလေးတစ်ယောက် ကြီးထွားဖို့ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေဖို့ဆိုရင် ငယ်စဉ်ကတည်းက အာဟာရပြည့်ဝအောင် ဂရုစိုက်ပေးဖို့ လိုပါမယ်။ ဒီတော့ တွေးမိနိုင်တာက ကလေးကို အာဟာရ ပြည့်ဝစေဖို့ အသားငါး၊ အသီးအရွက် စုံအောင် ကျွေးမယ်ပေါ့။
ဒါပေမယ့် ခက်တာက ကလေးက အသား ငါးဆို မစားဘူး။ အသီးအရွက်ပဲစားတယ်။ ဒီတော့ ကလေးအာဟာပြည့်ဝစေဖို့ ဘယ်လိုတွေများ ကျွေးရမလဲဆိုပြီး စိတ်ညစ်နေတဲ့ မေမေတွေအတွက် နည်းလမ်းကောင်းလေး မျှဝေပေးလိုက်ပါတယ်။
အသီးအရွက်ပဲစားတဲ့ ကလေး အာဟာရပြည့်ဝစေရေး
ကလေးက အသီးအရွက်ပဲ စားတယ်ဆိုရင် ကလေးကို နေ့စဉ် အသီးအရွက်ပဲ ပြင်ဆင်ပေးလို့ ရပါတယ်။ ဒီနေရာမှာ တစ်ခုသတိထားရမှာက ကလေးတွေကို ပြင်ဆင်ပေးတဲ့ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေက လတ်ဆတ်နေဖို့ပါ။ အေးခဲထားတာတွေ၊ ဆီသွတ်ထားတာတွေ မဖြစ်ရပါဘူး။ အခြောက်အခြမ်းတွေလည်း ဖြစ်လို့ မရပါဘူး။
ဒီတော့ အသားငါး မစားဘဲ အသီးအရွက်ပဲ စားတဲ့ ကလေးကို ကြီးထွားဖို့ လိုအပ်တဲ့ အာဟာရတွေကို ပြည့်ဝအောင် ပြင်ဆင်ပေးလို့ မရတော့တာလားဆိုတော့ မဟုတ်ပါဘူး။ ကြီးထွားဖို့ လိုအပ်တဲ့ အာဟာရတွေအလိုက် ဘာတွေ ပြင်ဆင်ကျွေးမွေးရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
- ကစီဓာတ် ရရှိစေဖို့ ပေါင်မုန့်ကြမ်း၊ အုတ်ဂျုံ၊ ဆန်လုံးညို၊ ဘာလီ၊ အာလူး၊ ကန်စွန်းဥ စတာတွေကို ပြင်ဆင်ပေးလို့ ရပါတယ်။
- ပရိုတင်းဓာတ် ရရှိစေဖို့ကတော့ အခွံမာသီး၊ ပဲအမျိုးမျိုး၊ အစေ့အဆန်၊ ပဲပြား၊ ဥအမျိုးမျိုး၊ ဒိန်ချဉ်၊ နို့၊ နို့ထွက်ပစ္စည်းတွေ ပြင်ပေးလို့ ရပါတယ်။
- ဗီတာမင် ဘီ12 ရရှိစေဖို့ နို့ထွက်ပစ္စည်းတွေ၊ ဥအမျိုးမျိုး၊ ဆီရီယယ်စတာတွေကို ပြင်ဆင်ပေးလို့ ရပါတယ်။
- ဗီတာမင် ဒီ ရရှိစေဖို့တော့ နို့၊ ဗီတာမင် ဒီဖြည့်စွက်ထားတဲ့ သစ်သီးဖျော်ရည် စတာတွေကို တိုက်ပေးလို့ ရပါတယ်။
- ကယ်လ်ဆီယမ် ပြည့်ဝစေဖို့ကတော့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ ပန်းဂေါ်ဖီစိမ်း၊ ပဲအမျိုးမျိုး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ပြင်ဆင်ပေးလို့ ရပါတယ်။
- သံဓာတ် ပြည့်ဝစေဖို့ကတော့ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နှံစားသီးနှံတွေ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ ဖြစ်တဲ့ ကိုက်လန်၊ ဟင်းနုနွယ် စတာတွေကို ပြင်ဆင်ပေးဖို့ လိုပါမယ်။
ကလေးကို လိုအပ်တဲ့ အာဟာရတွေကို ပြင်ဆင်ပေးနေတာဆိုပေမယ့် ကလေးမှာ အာဟာရ လိုအပ်ချက် မရှိစေဖို့ ဆရာဝန်နဲ့ စားသောက်မှုပုံစံကို တိုင်ပင်တာ လိုအပ်တဲ့ ဖြည့်စွက် အားဆေး၊ အာဟာရတွေကို တိုက်ကျွေးတာမျိုး လုပ်ဆောင်ပေးဖို့ လိုပါမယ်။
ကလေးက အသီးအရွက်ပဲ စားတာကို အာဟာရလိုအပ်ချက်နဲ့ ပြည့်မီအောင် ပြင်ဆင်ပေးမယ်ဆိုရင် ဥပမာ အဆီနည်းတာ၊ အချိုအငန် သင့်တင့်တဲ့ ပမာဏ ပြင်ဆင်ပေးတာက ကလေးကို နှလုံးကျန်းမာစေတာ၊ အမျိုးအစား - ၂ ဆီးချို၊ သွေးတိုး မဖြစ်အောင် ကာကွယ်ရာရောက်သလို အဝမလွန်အောင် ကာကွယ်ရာလည်း ရောက်ပါတယ်။
ကလေးကို အာဟာရပြည့်ဝဖို့ကိုတော့ အထူးဂရုပြု ပြင်ဆင်ပေးဖို့ လိုပါမယ်လို့ ထပ်ဆောင်း သတိပေးလိုက်ပါရစေ။
မွန်မွန်